Read more

 ကျောက်သင်ပုန်းရွာနှင့် လင်းနို့ဂူများရှိသော နယ်စပ်မြို့

====================================



မင်းလပြည့်(ဟားခါး)

လင်းနို့ဂူများရှိသော နယ်စပ်မြို့တစ်မြို့ ရှိသည်။ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင် တွင်တည်ရှိပြီး စတုရန်းမိုင်ပေါင်း ၁၃၆၀ ကျယ်ဝန်းသည့် တွန်းဇံမြို့ပင် ဖြစ်သည်။ တွန်းဇံမြို့သည် တစ်ချိန်က တီးတိန်မြို့နယ် အတွင်း၌ တည်ရှိပြီး ၁၉၆၅ ခုနှစ်တွင် ထန်တလန်မြို့နယ်နှင့်အတူ မြို့နယ်အဆင့် ရရှိခဲ့သည်။ တွန်းဇံဟူသည်မှာ “တွန်း-နေထိုင် ရာအရပ်၊ ဇံ-ဒေသ”ဟု အဓိပ္ပာယ်ရကြောင်း သိရသည်။ တွန်းဇံမြို့နယ်ကား ရပ်ကွက် လေးခု၊ ကျေးရွာအုပ်စု ၃၁ ခု၊ ကျေးရွာ ၉၃ ရွာ ရှိသည်။

ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး စော်ဘွား အုပ်ချုပ်ခဲ့သောမြို့လည်း ဖြစ်သည်။ ယခုအခါ စော်ဘွားအိမ်နေရာတွင် သာသနာပြုကျောင်း ရှိပြီး စော်ဘွားကျောက်စာတိုင်များသာ ကျန်ရှိ တော့သည်။ တွန်းဇံမြို့ကား ဖလမ်းမြို့ကဲ့သို့ တောင်စောင်း၌ မြို့တည်ထားပြီး လှေကား ထစ်သဏ္ဌာန် တည်ဆောက်ထားသည်။ တီးတိန်မြို့နှင့် ၂၉ မိုင် ၁ ဖာလုံကွာဝေးသကဲ့သို့ တွန်းဇံမြို့နယ်ရှိ ကျီခါးမြို့နှင့်လည်း ၅၃ မိုင် သာကွာဝေးပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း များဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် သည်။ တွန်းဇံမြို့၏ ထူးခြားချက်မှာ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နှင့် ဆက်စပ်တည်ရှိနေခြင်း ဖြစ်သည်။ ၎င်းအပြင် လင်းနို့ဂူများလည်း ရှိသည်။

သဘာဝလက်ဆောင်ကြီး

တွန်းဇံမြို့နယ်သည် ဖလမ်းခရိုင်တွင် တည်ရှိပြီး တီးတိန်မြို့နှင့် ၂၇ မိုင် ကွာဝေး သည်။ တွန်းဇံတွင် သဘာဝလိုဏ်ဂူတစ်ခုရှိပြီး အံ့ဩဖွယ်ကောင်းလှသည်။ ကမ္ဘာကြီးကား ကျွန်ုပ်တို့လူသားများအတွက် ကျေးဇူးကြီးမား လှသော သဘာဝလက်ဆောင်ကြီးပင် ဖြစ်သည်။
ကမ္ဘာ့မြေမျက်နှာပြင်တွင် ပထဝီ အနေအထားအရ သမုဒ္ဒရာများ၊ ပင်လယ်များ၊ တောင်ကုန်းတောင်တန်းများ၊ စမ်းချောင်းများ၊ သစ်တောအုပ်များ၊ သစ်ပင်များ တည်ရှိနေသည့် အပြင် ဂူကြီးများ၊ ဥမင်လိုဏ်ခေါင်းကြီးများ သဘာဝအလျောက် ဖြစ်ပေါ်လာသည်မှာ များစွာအံ့ဩဖွယ်ကောင်းသည်။

ကမ္ဘာဦးအစ၌ လူသားများ ပုန်းအောင်း ရာနေရာအဖြစ်လည်းကောင်း၊ လူသေလောင်း များကို မြှုပ်နှံသင်္ဂြိုဟ်ရာအဖြစ် လည်းကောင်း အသုံးပြုကြသည်။ လိုဏ်ဂူတို့ဖြစ်ပေါ်လာပုံမှာ လည်း စိတ်ဝင်စားဖွယ်ရာ ဖြစ်ပေသည်။ ကောင်းကင်မှရွာချသော မိုးရေသည် ထုံးရော နေသောကျောက် သို့မဟုတ် ထုံးကျောက်ကို စားသောကြောင့် ရေစားရာနေရာတွင် အပေါက်ဖြစ်လာတတ်သည်။ ထို့ပြင် ပင်လယ် ရေစီးကြောင်းများ၊ လှိုင်းလုံးများသည် ထုံးကျောက်ကမ်းပါးယံများအား အမြဲရိုက်ပုတ် ၍ စားဖန်များလတ်သော် တွင်းကြီး၊ လိုဏ်ကြီး၊ အပေါက်ကြီးများ ဖြစ်ပေါ်လာသည်။

ဖြစ်ပေါ်လာ

မြေကြီးထဲသို့စိမ့်ဝင်သော မိုးရေများ သည်လည်း နိမ့်ကျသောနေရာ တစ်နေရာတွင် စုပေါင်းဝင်ရောက်၍ ထုံးကျောက်များကို ပထမ လိုက်၍စားသည်။ မာ၍မစားနိုင်သော ကျောက်လွှာကျောက်သား၊ ကျောက်စိုင် ကျောက်ခဲများနှင့် တွေ့သောအခါ မြေမာမြေခဲ ကို ချန်လှပ်ပြီးနောက် မြေပျော့ကိုသာ စားပြန် သည်။ ထိုအခါ ဂူနှင့် လိုဏ်ခေါင်းကြီးများ ဖြစ်ပေါ်လာလေသည်။

အိုက်စလန်ကျွန်းနှင့် ကနေရီကျွန်းရှိ အချို့ဂူများမှာ မီးတောင်မှထွက်သော ချော်မြှုပ် များ၊ ကျောက်ရည်များကြောင့် ဖြစ်ပေါ်လာရ သည်။ ဥမင်လိုဏ်ခေါင်းများအတွင်းတွင် အလွန်လှပတင့်တယ် ရှုချင်ဖွယ်ကောင်းသည့် ဖြူဖွေးသောကျောက်တိုင်များကို အများ အားဖြင့် တွေ့ရလေသည်။

အမေရိကန်ပြည်ထောင်စု၌ ဂူကြီးများ၊ ဥမင်လိုဏ်ခေါင်းများ အများအပြားရှိသည်။ ကင်တပ်ကီးပြည်နယ်ရှိ မမ်မုတ်ဂူ(Mammoth Cave)ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးဂူကြီး ဖြစ်သည်။ ထိုဂူကြီးသည် ၁၀ မိုင်ခန့် ရှည်လျား သည်။ လိုဏ်ခေါင်းအတွင်း၌ ဝင်္ကပါကဲ့သို့ ကွေ့ကောက်တွန့်လိမ်လျက်ရှိသော လမ်းများ မှာမူကား မိုင်ပေါင်း ၃၀ ခန့်ပင် ခရီးရှည်လျား သည်။

ထူးခြားဆန်းကြယ်သော ဂူကြီးတစ်ခုမှာ နေပယ်မြို့အနီး ကပရီကျွန်းရှိ ဗလူးဂရော့တို ခေါ် ဥမင်လိုဏ်ခေါင်းကြီးဖြစ်၍ အတွင်းသို့ ဝင်ရန် ပင်လယ်မှသာ ဝင်ပေါက်ရှိသည်။ အဝင်ဝမှာ သုံးပေသာ ကျယ်ပြီး အမြင့် ငါးပေ ရှိသည်။ အတွင်း၌ကား ဂူကြီးတစ်ခုလုံးကို အဖြူရောင်ဖြင့် လွှမ်းလျက်ရှိသည်။

တွေ့ရှိရ

ဂရိနှင့် ရောမလူမျိုးတို့သည်လည်း ဂူထဲ၌ နတ်သမီး၊ နတ်သားများ နေထိုင်ကြသည်ဟု ယုံကြည်ကြသည်။ မြန်မာရှေးဟောင်းကျမ်းဂန် များ၌လည်း တန်ခိုးကြီးသော ဝိဇ္ဇာ၊ ဇော်ဂျီ၊ ရသေ့နှင့် ရဟန်းတို့သည် ဟိမဝန္တာတောင်၏ ကျောက်ဂူများ၌ နေထိုင်ကြကြောင်း၊ ဟိမဝန္တာ တောင်ပေါ်ရှိ ကျောက်ဂူများ၌ နှစ်ရှည်လများ တရားအားထုတ်နေသော တိဗက်ဘုန်းတော်ကြီးများရှိကြောင်း အနောက်တိုင်းသား ခရီးသည်များ၏ မှတ်တမ်းများ၌ တွေ့ရပေ သည်။ ထိုသို့ ကမ္ဘာပေါ်တွင်ရှိနေသော ဂူများအနက် ချင်းပြည်နယ်တွင် စိတ်ဝင်စား ဖွယ်ထူးခြားသော သဘာဝရှုခင်းအလှများ အနက် လင်းနို့ဂူဟုခေါ်သော ကျောက်ဂူကြီး များကို တွန်းဇံမြို့နယ် ဖိုင်တူကျေးရွာအနီး၌ တွေ့ရှိရသည်။
၎င်းလင်းနို့ဂူများမှာ ဖိုင်တူရွာအနီးတွင် သုံးဂူရှိသည်။ ဂူတစ်ခုမှာ ရွာအထက် တောင်ထိပ်နားတွင်ရှိပြီး ၎င်းကို ခွာဗွမ်းဂူ (Khumvum Baak-kua)ဟု ခေါ်သည်။ ရွာ၏ ဘေးဘက်နားတွင်ရှိသော ဂူကို လေကာန်း (Liekang)လင်းနို့ဂူဟု ခေါ်သည်။ ရွာ မြောက်ဘက်ရှိ ဂူတစ်ခုမှာမူ ကျဉ်းမြောင်းပြီး လူတစ်ရပ်ခန့်သာ နက်သည်။

ကျောက်ဂူများ၏နံရံတွင် လင်းနို့များ ကျက်စားနေထိုင်ကြသောကြောင့် လင်းနို့ဂူဟု ခေါ်သည်။ ဂူ၏ အတွင်းနံရံများနှင့် အပေါ်ယံ အမိုးအောက်ခံ မျက်နှာကြက်များမှာ ထူးခြား လှပသော ဒီဇိုင်းအမျိုးမျိုး ရှိကြသည်။ အရုပ်ပုံစံ အမျိုးမျိုး ရှာတွေ့နိုင်သည်။ အထူးသဖြင့် နံရံပေါ်တွင်ရှိသော အရုပ်များကို စိတ်ကူး ဖြင့် မှန်းဆကြည့်နိုင်ပါက ပုံစံအမျိုးမျိုး ထွက်ပေါ်ရာ အလွန်ထူးခြားအံ့ဩဖွယ်ရာ ကောင်းလှသည်။

တစ်နည်းအားဖြင့် သဘာဝ တရားက ဖန်တီးရေးဆွဲထားသော သဘာဝ ပန်းချီကား ရှုခင်းများပင်ဖြစ်သည်။ အပေါ်မှ တွယ်ကျလာသော ကျောက်ဆောင်များ၏ အစွယ်အပွားထိပ်ဖျားများ၊ ဂူနံရံကျောက်စက် ပန်းစွဲ ကနုတ်ပန်းများ၏ ပုံသဏ္ဌာန်များမှာ လည်း တုနှိုင်း၍မရသော ပန်းပုလက်ရာ၊ ပန်းလက်ရာများကဲ့သို့ ရှိနေကြသည်။

ကွင်းပြင်ပုံစံ တည်ဆောက်ထား

တောင်ထိပ်ဂူဝင်ပေါက်ရှေ့တွင် ကွင်းပြင် ပုံစံ တည်ဆောက်ထားပြီး ဘေးပတ်လည်နှင့် ဂူပေါက်ဝတို့ကို အမြင့်ဖြင့် ပြုလုပ်ထားသည်။ ဂူဝတွင် ကျောက်တုံးကြီးနှစ်လုံး ခံထားပြီး ဂူသို့ ဝင်သည့်အခါ ကျောက်တုံးကြီးကို ကျော်တက်ပြီးမှ ဝင်ရသည်။ အပေါက်ဝကို အကာအကွယ်ပေးထားသည့်နံရံ ဖြစ်သည်။ ဂူ၏အမြင့်ဆုံးနေရာသည် ပေ ၂၀ ခန့်ရှိပြီး အကျယ်ဆုံးနေရာတွင် ပေ ၂၀ ခန့် ကျယ်သည်။ အရှည်မှာ ပေ ၇၀ ခန့်ရှိပြီး အဆင့် လေးဆင့် ရှိသည်။ နောက်ဆုံးအဆင့်၏ နောက်ကျော အကျယ်မှာ ခြောက်ပေခန့်ရှိသည်။

လေကာန်း (Leikang) ဂူ၏ အဝင်ဝသည် လူတစ်ရပ်စာခန့်မြင့်ပြီး အထဲတွင် ညီညာ သည်။ အကျယ်ဆုံးနေရာသည် ပေ ၃၀ ခန့်ရှိ သည်။ ၎င်းပထမအဆင့်၏ နောက်တွင် နှစ်ပေ ခန့်ကျယ်၊ ခြောက်ပေခန့်မြင့်သော အပေါက်ရှိ ပြီး ၎င်းအပေါက်သို့ ဝင်ရောက်သွားပါက ဂူ အကျယ်ကြီးတစ်ခုကို တွေ့မြင်ရသည်။ ၎င်း နေရာသည် ပထမအဆင့်ထက် အနည်းငယ် ကျဉ်းသည်။ ဒုတိယအဆင့်ကို ကျော်ပါက လှေကားအဆင့် လေးဆင့်ရှိပြီး ၎င်းအောက် ကို မီးဖိုချောင်နေရာဟုခေါ်ပြီး မီးဖိုနှင့် စားပွဲ ပုံစံများကို တွေ့မြင်ရသည်။

ဒုတိယကမ္ဘာစစ်က ဂျပန်တပ်များ ဆုတ်ခွာရာတွင် ရွာသားများက ကြောက်ရွံ့၍ လင်းနို့ဂူတွင် ပုန်းအောင်းခဲ့ကြသည်။ လင်းနို့ ဂူကား တွန်းဇံမြို့နှင့် ခုနစ်မိုင်အကွာတွင်ရှိ သည်။ လေ့လာလိုပါက သွားရောက်လေ့လာ နိုင်ပြီး ကျောက်သင်ပုန်းကျောက်များဖြင့် မိုးထားသော အိမ်ခြေ ၈၀ ခန့်ရှိ ဆာဇန်ရွာမှာ လည်း ထူးခြားလှသည်။ ၎င်းအပြင် ကျီခါးနှင့် ခုနစ်မိုင်ခန့်အကွာရှိ ခင်မန်းရွာတွင် နယ်စပ် ဈေးဆောက်လုပ်ရန် အိန္ဒိယနိုင်ငံနှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။ နယ်စပ်ဈေးဖြစ်လာပါက နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးလာပြီး ကုန်သွယ်ရေး လုပ်ငန်းများ တိုးတက်လာမည်မှာ အမှန်ပင် ဖြစ်သည်။

မှီငြမ်း
ဦးအွန့်ခန့်ကပ်၊ ယဉ်ကျေးမှုပြတိုက် (အငြိမ်းစား)၊ ဟားခါးမြို့
ဆလိုင်းထောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တွန်းဇံမြို့
ဆလိုင်းဟုန်းဂေကီး၊ ပြန်/ဆက်ရုံး၊ တွန်းဇံမြို့